Sunday, October 28, 2007


မိုးမခစာမျက်နှာမှ
ယခုလက်ရှိ ဗမာပြည် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီး
ပြည်ပရောက် သက်ကြီးဝါကြီး စာရေးဆရာ၊ သတင်းစာဆရာ၊ အနုပညာရှင်များ နှင့်
သပိတ်မှောက် လူငယ် စာနယ်ဇင်းသမား၊ အနုပညာရှင်များ၏ သဘောထား ကြေညာချက် -
၁ / ၂၀၀၇


နေ့စွဲ - အောက်တိုဘာ ၂၈၊ ၂၀၀၇
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး နှင့် လတ်တလော ကုန်ဈေးနှုန်းကျဆင်းရေး တို့အတွက် ရဟန်းသံဃာ၊ ကျောင်းသားလူငယ်၊ ပြည်သူများက အသက်စွန့်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါသည်။
ယခုအချိန်တွင် ဗမာပြည်တွင်းရှိ နိုင်ငံရေးသိက္ခာ နှင့် စာပေသိက္ခာမရှိသော စာရေးဆရာ၊ သတင်းစာဆရာ၊ ပညာရှင် နှင့် အနုပညာရှင်ဆိုသူများကို စစ်အစိုးရက ပွဲထုတ်လာပြီး၊ အများပြည်သူတို့၏ ဆန္ဒသဘောထားများကို သေးသိမ်ယုတ်နိမ့်အောင် လိုက်လံ ၀ါဒဖြန့်ချိနေကြသည် တွေ့ရှိနေရသည်။
ပြည်သူလူထုနှင့် တသားတည်းရှိသော စာရေးဆရာ၊ သတင်းစာဆရာ နှင့် အနုပညာရှင်များကို နေ့စဉ်ရက်စက် ပိုက်စိပ်တိုက် ဖမ်းဆီးခြင်း၊ စာရေးသားခွင့် ပိတ်ပင်ခြင်း တို့ကို ပြုလုပ်နေသောကြောင့် အောက်ပါအတိုင်း သဘောထား ထုတ်ပြန်လိုက်သည်။
၁။ စစ်အစိုးရအလိုကျ ၀ါဒဖြန့်ပေးကြသည့် စာရေးဆရာ၊ သတင်းစာဆရာ၊ ပညာရှင် နှင့် အနုပညာရှင်ဆိုသူများကို အလေးအနက် ရှုတ်ချလိုက်သည်။
၂။ တိမ်းရှောင်နေသော စာရေးဆရာများနှင့်၊ အနုပညာရှင်များကို နေ့စဉ်ရက်ဆက် လိုက်လံဖမ်းဆီး နေသည်များကို ရပ်ဆိုင်းရန်၊ ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကိုလည်း ချက်ချင်း ချွင်းချက်မရှိ လွှတ်ရန်၊ ပြည်တွင်းရှိ လူထုအားလုံး၏ သဘောထားနှင့်ထပ်တူ အလေးအနက် တောင်းဆိုလိုက်သည်။
၃။ ပြည်ပတွင်လည်း မြန်မာ့အရေးကိစ္စများကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးဖြင့် အစွမ်းကုန်ထုတ်ဖော် ရေးသား ပြောဆိုလျက် နိုင်ငံတကာရှိ ပြည်သူအားလုံး ၀ိုင်းဝန်းဆောင်ရွက်လာကြရေးကို ဆက်လက် အားထုတ်သွားကြမည် ဖြစ်ကြောင်း၊ စစ်အစိုးရ နှင့် အပေါင်းအပါများကို သပိတ်မှောက်သည့် လှုပ်ရှားမှုများ၊ ဆောင်ရွက်ချက်များကို ဆက်လက်၍ အားပေး ထောက်ခံ ကူညီသွားမည်ကြောင်းတို့ကို အလေးအနက် ကတိပြုလိုက်ပါသည်။
လေးစားစွာဖြင့်
ကြေးမုံဦးသောင်း (အောင်ဗလ)
မောင်စွမ်းရည်
ဝင်းဖေ (ဇော်ဝိတ်၊ မောင်ညို)
မာမာအေး
နှင့် ပြည်ပရောက် သပိတ်မှောက် လူငယ် စာနယ်ဇင်းသမားများ နှင့် အနုပညာရှင်များ
(လက်မှတ်ထိုး စာရင်းသွင်းသူ စာနယ်ဇင်းသမားများကို သည်နေရာမှာ သွားကြည့်နိုင်ပါသည်။)
http://www.petitiononline.com/mod_perl/signed.cgi?stopspdc
cc: http://moemaka.com/ ..

No comments: